Ji Chang Wook နဲ့ တူတယ်ဆိုတဲ့ဝေဖန်မှုတွေကို ဖြေရှင်းလိုက်တဲ့ မင်းသွေးခန့်

မင်းသွေးခန့်ဆိုတဲ့ တက်သစ်စမော်ဒယ်မင်းသားလေးဟာ အနုပညာလုပ်ငန်းတွေကိုအရှိန်အဟုန်ကောင်းကောင်းနဲ့ လုပ်ဆောင်နေသူတစ်ဦးဖြစ်ပြီး ပရိသတ်တော်တော်များများကိုလည်းအချိန်တိုအတွင်းရရှိပိုင်ဆိုင်ထားသူလေးဖြစ်ပါတယ်။ ကိုရီးယားချောချောတဲ့ မင်းသွေးခန့်ဟာ ပရိသတ်တွေမျက်လုံးထဲမှာ ရင်းနှီးနေတဲ့ မျက်နှာသွင်ပြင်တစ်ခုဖြစ်နေခဲ့ပြီး သူ့ကို ကိုရီးယားမင်းသား Ji Chang Wook နဲ့ တူတယ်ဆိုတဲ့ ဝေဖန်မှုတွေကလည်း တစ်စတစ်စနဲ့ပေါ်ထွက်လာခဲ့ပါတယ်။ ဓာတ်ပုံတွေထဲမှာ Ji Chang Wook နဲ့ ချွပ်စွပ်ဖြစ်နေခဲ့တဲ့ မော်ဒယ်လေးက မီဒီယာတွေနဲ့ အင်တာဗျူးမှာအဲဒီဝေဖန်မှုတွေကို ဖြေရှင်းလာခဲ့ပါတယ်။

မင်းသွေးခန့်က ပရိသတ်တွေသူ့ကို စသိလာခဲ့ပုံကို “သိတဲ့နေရာတွေကတော့ အများကြီးပေါ့နော်။ အချို့ကျတော့လည်း Forever Star ဆိုတဲ့ Program ကနေ စသိကြတယ်။ အချို့ကျတော့လည်း ကိုအားတီသီချင်းကနေ စသိကြတယ်။ နေရာချင်းမတူကြဘူးပေါ့”လို့ ပြောပြထားပါတယ်။

Ji Chang Wook နဲ့ တူတယ်လို့ဝေဖန်ခံရတဲ့ခံစားမှုကို “အဲဒါကတော့ ပျော်တာပေါ့။ သူကလည်း ပရိသတ်လက်ခံထားတဲ့ မင်းသားပေါ့နော်။ အဲ့လိုမျိုးတုတယ်ဆိုတဲ့အတွက်လည်းဝမ်းသာပါတယ်။တကယ်တမ်းဝန်ခံရရင် ဓာတ်ပုံရိုက်ရင် ကျွန်တော်က အဲ့မင်းသားနဲ့တူတဲ့ အန်ဂယ်ကနေရိုက်ဖြစ်တဲ့အတွက်တူသွားတာပါ။ အမှန်တော့မတူပါဘူး။ကျွန်တော်လည်းသူ့ဖန်ပါပဲ”လို့ သွားစွယ်ချွန်ချွန်လေးထွက်လာတဲ့အထိ ပြုံးပြီးဖြေကြားထားကပါတယ်။

Ji Chang Wook နဲ့ မတူတူအောင်ကြိုးပမ်းတာမျိုးတော့မရှိကြောင်းကို “မတူတူအောင်တော့မရှိပါဘူး။ အိုင်က သူ့သရုပ်ဆောင်ပဲကြိုက်တာ။ ရုပ်ရည်တွေဘာတွေကတော့ ကိုယ့်ဟာနဲ့ကိုယ်ပဲကြိုက်ပါတယ်။ သူ့ရဲ့သရုပ်ဆောင်ကတော့ကြိုက်ပါတယ်။လေ့လာဖြစ်တယ်ပေါ့နော်။ ကျန်တာကတော့ရုပ်တွေဘာတွေကတော့ မတူတူအောင် ကျွန်တော် တကူးတကလုပ်ထားတာတော့မရှိပါဘူး”လို့ ရှင်းပြထားပါတယ်။

မင်းသွေးခန့်က သူ့ကို Ji Chang Wook နဲ့ တူတယ်ပြောတာကိုရော မတူဘူးပြောတာကိုရောလက်ခံကြောင်း “နှစ်ခုလုံးလက်ခံပါတယ်။ မတူဘူးဆိုတာလည်း ကျွန်တော့်ကိုအပြင်မှာတွေ့ဖူးတော့ မတူမှန်းသိတော့ မတူတာဟုတ်ပါတယ်။ တူတယ်ဆိုရင်လည်းပုံတွေပဲမြင်ပြီးတူတယ်ဆိုတော့ တူတယ်ဆိုလည်းလက်ခံပါတယ်။ သူကလည်း အများလက်ခံထားတဲ့မင်းသားတစ်ယောက်ပဲ။ရုပ်ဆိုးတဲ့လူနဲ့နှိုင်းတာမဟုတ်ပဲ ချောတဲ့လူနဲ့နှိုင်းတာဆိုတော့ ဝမ်းသာပါတယ်”လို့ ပြောပြထားပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော မင်းသွေးခန့်ကို ချစ်ကြလား။ မင်းသွေးခန့်က Ji Chang Wook နဲ့ တကယ်ပဲတူတယ်ထင်ကြလား။ ဒါမှမဟုတ် မတူဘူးထင်လား။ မင်းသွေးခန့်ရဲ့ အနုပညာလှုပ်ရှားမှုတွေကိုရော ဆက်လက်အားပေးကြမှာလား။ ပြောခဲ့ကြဦးနော်။

Can’t Wait To Say